NLD သည် ဗမာပါတီမဟုတ်ဟု ဒေါက်တာအောင်မိုးညို ပြော

မန္တလေး၊ နိုဝင်ဘာ ၃၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် အများစွပ်စွဲသကဲ့သို့ ဗမာပါတီမဟုတ်ကြောင်းယင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ဝါဆောင်ကျေးရွာတွင် နိုဝင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဆိုပြုလွှာ(ဆဋ္ဌမအကြိမ်) ပေးအပ်ပွဲတွင် ဒေါက်တာအောင်မိုးညိုက ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။“တိုင်းရင်းသားတွေအနေနဲ့ NLD ပါတီဟာ ဗမာပါတီဖြစ်တယ်ဆိုတဲ့ သွေးခွဲသပ်လျှိုမှုတွေကို မယုံကြဖို့၊ နားမယောင်ကြဖို့ ပြောလိုပါတယ်။ ကျွန်တော်တို့ပါတီမှာ တိုင်းရင်းသားပေါင်းစုံ ရှိပါတယ်” ဟု ၎င်းကဆိုသည်။ “NLDပါတီဟာ ဗမာပါတီ မဟုတ်ဘူးဆိုတာ အတိအလင်းပြောလိုပါတယ်။ တိုင်းရင်းသားတွေ ဘာလို့ NLD ပါတီထဲ ဝင်လာတာလဲဆိုရင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီကို ချစ်မြတ်နိုးလို့ပါပဲ” ဟု ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောကြားသည်။

တိုင်းရင်းသားတွေအနေနှင့်လည်း NLD ပါတီထဲ ရဲရဲဝင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ခွန်းအေးမောင်က တိုက်တွန်းပြောကြားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဆိုပြုလွှာ(ဆဋ္ဌမအကြိမ်) ပေးအပ်ပွဲကို နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ဝါထောင်ကျေးရွာတွင်ပြုလုပ်ခဲ့ပြီး လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာမှ ၃၉၀ ဦး၊ ဝါရီကောခူကျေးရွာမှ ၅၀ ဦး၊ ဝါဆောင်ကျေးရွာမှ ၈၀ ဦး၊ ဆောင်ကန်းကျေးရွာမှ ၈၀ ဦး၊ ပီကင်းကောငူကျေးရွာမှ ၅၀ ဦး၊ သရက်ပင်ကျေးရွာမှ ၅၀ ဦး၊ စုစုပေါင်းအဆိုပြုလွှာ ပေးအပ်သူပေါင်း ၇၀၀ ဦးတို့က NLD ပါတီဝင်အဆိုပြုလွှာ ပေးအပ်ခဲ့ကြသည်။ယင်းအခမ်းအနားသို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ NLD ပါတီ ဗဟိုကော်မတီဝင် ကယားပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

Image result for ဒေါက်တာအောင်မိုးညို

Source : The Voice

Facebook Comments

Burmese News