ရာသီဥတုနှင့် အရည်အသွေးကြောင့် ဘေထုပ်ထည် အရောင်းအဝယ်ပါး

နှစ်စဉ်ဆောင်းရာသီရောက်တိုင်း မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်း၌ တစ်ပတ်ရစ် ဘေထုပ်ထည်များ အရောင်းအဝယ်ကောင်းသော်လည်း ယခုနှစ်ဆောင်းရာသီတွင် အရောင်းအဝယ်ပါးနေကြောင်း ဘေထုပ်အထည် လက်လီလက်ကား ဖြန့်ဖြူးရောင်းချသူများထံမှ သိရသည်။ “အထုပ်တွေက ဝယ်ဈေးတော့ မမြင့်ပါဘူး။ ဒါပေမဲ့ ကိုယ်ကြိုက်တဲ့ အထည်အရည်အသွေးရဖို့ ခက်တယ်။ ပြန်ရောင်းဖို့ အဆင်ပြေမယ့် (တွက်ခြေကိုက်မည့်)အထည်ထုပ်မျိုး ရဖို့ခက်တယ်” ဟု မိတ္ထီလာမြို့နယ်တွင် ဘေထုပ်အထည်များကို လက်လီလက်ကားဖြန့်ဖြူးရောင်းချသော ဦးသိန်းနိုင်က ပြောဆိုသည်။

Image result for ဘေထုပ်ထည်

သာမန်အားဖြင့် ကျပ်ငါးသိန်းဝန်းကျင်ရင်းလျှင် ဘေထုပ်အထည်ရောင်းနိုင်သော်လည်း ယခုနှစ်တွင် စိတ်ကြိုက်အထည်ထုပ် ဝယ်ယူရရှိနိုင်ရန် ခက်ခဲသောကြောင့် ရာသီအချိန်တွင် သင့်လျော်ရာအထည်ထုပ်ကို ဖောက်နိုင်ရန် အထည်ထုပ်ပေါင်းများစွာကို ကြိုတင်ဝယ်ယူ၍ သိုလှောင်ထားရကြောင်း ၎င်းကပြောဆိုသည်။ “ကိုယ်ကအထည်တွေကို ဈေးတက်ပြီးရောင်းလို့မရသလို ဝယ်သူကလည်း ဈေးတက်ရင်မဝယ်ဘူး။ အရောင်းပါးတယ်” ဟု မိတ္ထီလာမြို့မဈေးတွင် ဘေထုပ်ထည် လက်လီရောင်းချသော အမျိုးသမီးတစ်ဦးက ပြောကြားသည်။

နှစ်စဉ် ဆောင်းရာသီရောက်တိုင်း ကလေးအဝတ်အထည်များမှာ ဝယ်လိုအားကောင်းခဲ့သော်လည်း ယခုနှစ် ဘေထုပ်ထည်ဈေးကွက်တွင် ကလေးဝတ်အထည်ထုပ် အကောင်းများမှာလည်း လိုသလောက်ဝယ်၍မရကြောင်း ၎င်းကဆိုသည်။ “အရင်နှစ်တွေမှာ တစ်နေ့ကို တစ်ထုပ်လောက်တော့ အသာလေးကုန်တယ်။ ဒီနှစ်မှာ ငါးရက် ဈေးပတ်တစ်ပတ်ကို တစ်ထုပ်လောက်ပဲ ကုန်တော့တယ်။ ဈေးကွက်ထဲကိုဝင်တဲ့ အထည်တွေကလည်း အရည်အသွေးလည်းနိမ့်တယ်။ ဆိုက်ကြီးတာတွေများတယ်” ဟု မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာဈေးပတ်များတွင်လှည့်လည်၍ ဘေထုပ်ထည်လက်လီရောင်းသော ဦးအောင်မြင့်က ဆိုသည်။

Image result for ဘေထုပ်ထည်

မိတ္ထီလာမြို့နယ်ရှိ ဘေထုပ်ထည်ဈေးကွက်သို့ ဂျပန်၊ ထိုင်း၊ ကိုရီးယား၊ တရုတ်နှင့် ထိုင်ဝမ်တို့မှလာသော ဘေထုပ်များမှာ ရန်ကုန်၊ မန္တလေးနှင့် မြဝတီမြို့တို့ကို တစ်ဆင့်ခံ၍ ဝင်ရောက်ကြောင်း၊ ယခုနှစ်တွင် တရုတ်ဘက်မှဝင်သော အထုပ်များကိုသာ အဖောက်များပြီး မိတ္ထီလာမြို့နယ်တွင် ဘေထုပ်အထည် လက်လီလက်ကားရောင်းသူ အရေအတွက်မှာ (၂၀) ဦးခန့်ရှိကြောင်း တစ်ပတ်ရစ် ဘေထုပ်ဈေးကွက်အတွင်းမှ သိရသည်။

Image result for ဘေထုပ်ထည်

Source : The Voice

Facebook Comments

Burmese News