အရက် ကို စိတ်နာသွားတဲ့ အကြောင်း ရင်နင့်စွာ ပြောလာတဲ့ လူရွှင်တော် သာဇံရဲ့ ဇနီး

လွန်ခဲ့တဲ့လ ၂၉ ရက်နေ့က လူရွှင်တော် သာဇံတစ်ယောက်ဟာ သူချစ်တဲ့ သဘင်လောကနဲ့ သူ့ကိုချစ်တဲ့ ပရိသတ်များ ၊ သူရဲ့ မိသားစုဝင်များကို နှုတ်မဆက်ပဲ ထွက်ခွါသွားခဲ့ပါပြီ။ သူရှိစဉ်က လူတွေကို ပျော်ရွှင်အောင် ပျက်လုံးတွေနဲ့ ပြုံးရယ်စေခဲ့သမျှ သူခွဲသွားတော့လည်း သဘင်ပညာရှင်များနှင့်တကွ ပရိသတ်များက မိသားစုနဲ့ ထပ်တူစွာဝမ်းနည်းမျက်ရည်ကျကြရပါတယ်။

လူရွှင်တော်သာဇံဟာ ငယ်ရွယ်နုနယ်သေးတဲ့ အရွယ် ၊ ဖျတ်လတ်စအရွယ်မှာပဲ အခုလိုအသည်းရောဂါနဲ့ ဆုံးပါးသွားခဲ့ရတာပါ။ သူ့အတွက် လိုအပ်တဲ့ဆေးဖိုးတွေရဖို့အတွက်လူရွှင်တော်ညီအစ်ကိုများကလည်း ဒီဇင်ဘာ၂ ရက်နေ့မှာ ရံပုံငွေပွဲကလေးလုပ်ပေးဖို့စီစဉ်ခဲ့ပေမယ့် လူရွှင်တော်သာဇံကတော့ မကြည့်နိုင်ခဲ့တော့ပါဘူး။ သူဟာ အခုလို အသည်းရောဂါ ခံစားခဲ့ရတာက အရက်ကြောင့်ဖြစ်တယ်လို့ သူ့ရဲ့ဇနီးဖြစ်သူက မျက်ရည်များအကြားမှ ပြောပြခဲ့ပါတယ်။

လူရွှင်တော်သာဇံမှာ လသားအရွယ် သားလေးတစ်ဦးရှိနေပြီးတော့ သားလေးကိုပင် မြင်တွေ့ မသွားနိုင်ခဲ့ဘူးလို့ သိရပါတယ်။ သူကတော့ ကျန်းမာလာရင် သားလေးအတွက် အရက်ဖြတ်မယ် ၊ ရှင်ပြုပေးမယ် ၊ အလုပ်တွေ ကြိုးစားမယ်လို့ အိပ်မက်တွေ တလှေကြီးရှိနေခဲ့ပေမယ့် ဘဝဆိုတဲ့ ပင်လယ်ပြင်အထက်မှာတော့ သူ့ရဲ့ မျှော်လင့်ချက် ရွက်ကလေး ပျက်ခဲ့ရပါပြီ။

ဇနီးဖြစ်သူကတော့ အရက်ကို စိတ်နာသလို ၊ အရက်သမားကိုလည်း မမြင်ချင်လောက်အောင်ဖြစ်မိတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ သားလေးကို စောင့်ရှောက်နေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ရက်မှာလည်း ပွဲကျင်းပဖြစ်ခဲ့ပြီးတော့ ရရှိတဲ့ ငွေကြေးတွေကိုလည်း လူရွှင်တော် ညီအစ်ကိုတွေက လူရွှင်တော် သာဇံရဲ့ သားလေးအတွက်ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် မိသားစုကို ဦးစီးနေတဲ့ အိမ်ထောင်ဦးစီးများအနေနဲ့ အရက်ကို လျော့သောက်ကြဖို့ ၊ တတ်နိုင်လျှင် လုံးဝရှောင်ကြဉ်နိုင်စေဖို့အတွက် မျှဝေပေးလိုက်ပါတယ်နော်။ အရက်ကြောင့် တစ်ဦးတစ်ယောက် အသက်ဆုံးတယ်ဆိုပေမယ့် သူ့နောက်မှာ မှီခိုနေရတဲ့ မိသားစု ဘဝ ဆိုတာပါ ထိခိုက်လာတာမို့ ရှောင်ကြဉ်နိုင်ကြပါစေ။

Video – Cele Gabar, Shwe Yaung Lan

Facebook Comments

Burmese News