နှစ်(၇၀)ကျော် ပေါင်းလာတဲ့ခင်ပွန်း သေပြီးနောက် စိတ်ထိခိုက် သေဆုံးခဲ့တဲ့အဖွားအို

အမျိုးသမီးကြီးတစ်ဦးဟာ ယောက်ျားဖြစ်သူသေဆုံးပြီး (၁၈)ရက်ကြာပြီးတဲ့နောက် ရုတ်တရက်လေဖြတ်ကာ သေဆုံးခဲ့ကြောင်း သိရပါတယ်။ သေဆုံးသူအမျိုးသမီးကြီးဟာ အသက်(၉၃)နှစ်အရွယ် အိုင်ရင်းဘက်စ်ထ်ပဲဖြစ်ပါတယ်။ မိသားစုဝင်တွေကတော့ အိုင်ရင်းဟာ ယောက်ျားဖြစ်သူရဲ့ အသုဘမှာဝတ်ဆင်မယ့် အ၀တ်အစားတွေကိုဝတ်ကြည့်နေရင်း ရုတ်ချည်းလဲကျသွားခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

အိုင်ရင်းဟာ နေဗီပြာရောင်ဝတ်စုံနဲ့ ပန်းပွင့်လေးတွေပါတဲ့ ဘလောက်အင်္ကျီကို ၀တ်ဆင်နေခဲ့တာဖြစ်ပါတယ်။ လေဖြတ်ပြီး လဲကျသွားတဲ့အိုင်ရင်းကို ဆေးရုံအမြန်တင်နိုင်ခဲ့ပေမယ့် နှစ်ရက်အကြာမှာတော့ ဦးနှောက်တွင်းသွေးယိုစီးမှုကြောင့်လို့ ယူဆရကာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူအဖိုးအိုကတော့ အသက်(၉၅)နှစ်ရှိပါပြီ။ အဖိုးအိုက ပြီးခဲ့တဲ့ဖေဖော်ဝါရီလ(၃)ရက်နေ့မှာ ဆီးချိုရောဂါရဲ့ ထပ်တိုးရောဂါတွေကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။ မြေးတစ်ဦးဖြစ်သူ ဗစ်ကီနေလွန်ကတော့ အဖွားဖြစ်သူဟာ အဖိုးဖြစ်သူသေဆုံးတာကြောင့် စိတ်ဆင်းရဲဒဏ်ကိုမခံနိုင်ဘဲ သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဖိုးဖြစ်သူမရှိပဲ တစ်ယောက်တည်း ဘ၀ကိုဖြတ်သန်းရမှာထက်စာရင် အခုလို အဖိုးနောက်လိုက်သွားတာက အဖွားဖြစ်သူအတွက် ပိုကောင်းမွန်ကြောင်း ပြောပြခဲ့ပါတယ်။ ငယ်စဉ်တုန်းက အဖိုးအိုက ပြတင်းပေါက်တံခါး သန့်ရှင်းရေးသမားလုပ်ခဲ့ပြီး အဖွားအိုကတော့ ရေခဲမုန့်ဆိုင်မှာ အလုပ်လုပ်ခဲ့ပါတယ်။ နှစ်ဦးသားဟာ ၁၉၄၅ ဒီဇင်ဘာ(၂၂)ရက် အသက်(၁၇)နှစ်အရွယ်ဝန်းကျင်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

နေလွန်က သူမရဲ့ အဖိုးအဖွားဇနီးမောင်နှံဟာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြကာ သူမငယ်ငယ်တုန်းက အဖိုးနဲ့အဖွားဟာ အားလပ်ရက်ခရီးထွက်တဲ့အခါ သူမကို ခေါ်သွားလေ့ရှိတယ်လို့ ဆိုခဲ့ပါတယ်။ (၁၉၉၈)ခုနှစ်မှာတော့ အဖိုးအဖွားဇနီးမောင်နှံဟာ ဘောလ်တန်ကနေ Grange-over-Sands ကို ပြောင်းလာပြီးအနှစ်(၂၀)ကြာ နေထိုင်ခဲ့ကြောင်းသိရပါတယ်။

အိုင်ရင်းဟာ (၂၀၁၀)ခုနှစ်က တစ်ညမှာ လေဖြတ်ဝေဒနာ ခံစားခဲ့ရပါသေးတယ်။ လေဖြတ်တာကနေ ပြန်လည်သက်သာခဲ့ပေမယ့် အဲဒီအချိန်မှာကတည်းက လေကြောင့် စကားပီပီသသမပြောနိုင်တော့ပဲ မှတ်ဥာဏ်ပါချို့ယွင်းလာခဲ့ပါတယ်။

အဖိုးအိုနဲ့အဖွားအိုတို့ဟာ (၇၂)နှစ်ကြာ လက်တွဲခဲ့ကြပြီးနောက် အခုလိုရှေ့ဆင့်နောက်ဆင့် သေဆုံးကုန်ကြတာဖြစ်ပါတယ်။ အခုအခါမှာတော့ မိသားစုကအဖိုးအို၊ အဖွားအို(၂)ဦးစလုံးရဲ့ အသုဘကို အတူတကွကျင်းပပြီး Overdale မီးသဂြိုလ်ရုံမှာ သဂြိုလ်မှာဖြစ်ပါတယ်။ ကြွင်းကျန်ရစ်တဲ့ပြာတွေကို သူတို့နှစ်ဦးရဲ့ နှလုံးသားချင်းနီးစပ်ရန်အလို့ငှာရေထဲမျှောပေးမည်ဖြစ်ကြောင်း သိရပါတယ်။

Facebook Comments

Burmese News