စီးပွားရေးလုပ်ငန်းများကို ၂၀၂၀ မှစ၍ အခွန်ကောက်တော့မည်ဟု အေအေ စစ်ဦးစီးချုပ် ပြော

ရက္ခိုင်စစ်တပ် အေအေ လှုပ်ရှားရာ ဒေသများတွင် စီမံကိန်းနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများကို ၂၀၂၀ ခုနှစ်မှစ၍ အခွန်ခေါင်းစဉ်ဖြင့် ငွေကြေး စတင်ကောက်ခံတော့မည် ဖြစ်ကြောင်း အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဧရာဝတီကို ပြောသည်။ဗိုလ်ချုပ်ထွန်းမြတ်နိုင် က “စီမံကိန်းတွေ တခြားလုပ်ငန်းတွေကို အဓိကထားမယ်။ ကျနော်တို့ ရခိုင်ပြည်မှာဆို ရေလုပ်ငန်းတွေ ရှိမယ်။ လက်လုပ်လက်စားအဆင့် မဟုတ်ဘဲ စီးပွားရေးလုပ်ငန်း တွေပေါ့။ ကျနော်တို့က ငွေကြေးအားဖြင့် များများစားစား ကောက်မှာ မဟုတ်ဘူး။ အဓိက ကတော့ ရက္ခိုင် ပြည်သူ့တော်လှန်ရေး အာဏာကို အသိအမှတ်ပြုမှုကို အဓိက ဦးစားပေးမှာ ဖြစ်တယ်” ဟု ပြောသည်။

အေအေ လှုပ်ရှားရာ ရခိုင်ပြည်နယ်တွင်း၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်းရှိ စီမံကိန်းများ၊ စီးပွားရေး လုပ်ငန်းများ အားလုံးကို စိစစ်နေပြီး မည်သည့် လုပ်ငန်းက မည်သည့် ပမာဏ ပေးဆောင် ရမည် ဟူသည်တို့ကိုလည်း လက်ရှိတွင် တွက်ချက်နေသည်ဟု သိရသည်။ဗိုလ်ချုပ်ထွန်းမြတ်နိုင် က “လကိုတော့ အတိအကျ မပြောလိုဘူး။ ဒါပေမယ့် ကျနော်တို့ ဒီ ၂၀၂၀ မှာ စမယ်”ဟု ဆိုသည်။အေအေ ဘက်မှ အခွန်ဟုဆိုကာ တောင်းဆိုမည့် ငွေကြေးကို မပေးဆောင်ပါက တရားမဝင်အဖြစ် သတ်မှတ်ကာ မပေးသည့် ကုမ္ဗဏီ၊ လုပ်ငန်းများကို ဖျက်သိမ်းပစ်မည်ဟုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

၂၀၂၀ ခုနှစ်တွင် အခွန်ဟူသည့် ခေါင်းစဉ်ဖြင့် ငွေကြေးကောက်ခံမည့် ထဲတွင် အစိုးရဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ လွှတ်တော်ကိုယ်စားလှယ်များကို ထည့်သွင်း ကောက်ခံရန်လည်း စဉ်းစားနေသည်ဟု သိရသည်။ရခိုင်ပြည်နယ်တွင်း စီးပွားရေးလုပ်ငန်းများကို ငွေကြေးကောက်ခံမည်ဟူသည့် သတင်းအချက်အလက် နှင့် ပတ်သက်၍ ဧရာဝတီမှ ရခိုင်ပြည်နယ်အခြေစိုက် မောင်တော နယ်စပ်ကုန်သည်ကြီးများအသင်း၊ ဥက္ကဌ ဦးအောင်မြတ်သိန်းကို မေးမြန်းရာ ၎င်းက ငွေကောက်ခံမည်ဟူသည့် သတင်းကိုလည်း မသိကြောင်း၊ နိုင်ငံရေးနှင့် ပတ်သက်၍လည်း မဖြေလိုကြောင်း ငြင်းဆိုသည်။မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ဒုဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်ကလည်း ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများကြောင့် ပြည်မဘက်မှ စီးပွားရေးလုပ်ငန်းရှင်ကြီးများက ရေလုပ်ငန်းတွင် သွားရောက် ရင်းနှီးမြှုပ်နှံမှု မရှိဟု ပြောသည်။

ဒေါ်တိုးနန္ဒာတင် က “ရေလုပ်ငန်းသမားတွေကတော့ ရခိုင်ကို ရှောင်တာပေါ့နော်။ ဒေသခံလောက်ပဲ ရှိတာ။ ဒေသခံကလည်း သူ့ရခိုင် အချင်းချင်းပဲရှိတာဆိုတော့ အဆင်ပြေလိမ့်မယ် ထင်တယ်။ စီးပွားရေး သမားတွေ ကတော့ အဲဒီဘက်ကို သိပ်မသွားကြတော့ဘူး။ စိတ်မချရလို့ မသွားကြတာ။ ကျန်တဲ့သူတွေက Risk ယူပြီး မလုပ်ကြဘူး။ အခုလိုသာ ကောက်မယ်ဆို ပိုဆိုးမှာ” ဟု ပြောသည်။မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အောက်တွင်လည်း တိုင်းနှင့် ပြည်နယ် အားလုံးတွင် အဖွဲ့ချုပ်များ ဖွဲ့ထားပြီး ရခိုင်ပြည်နယ် တနေရာတည်းတွင်သာ လုံခြုံရေး အခြေအနေများကြောင့် ရခိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ပင် ဖွဲ့စည်း ထားခြင်း မရှိပါဟု ဒေါ်တိုးနန္ဒာတင်က ဆိုသည်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ငွေကြေးကောက်ခံရန် ဆောင်ရွက်ရခြင်းမှာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်း တည်ရှိနေသည့် အေအေ ၏ သြဇာကို အသိအမှတ်ပြုရန် ဖြစ်သည်ဟု ပြောသည်။အေအေ တပ်ဖွဲ့ဝင်များ အခြေစိုက် လှုပ်ရှားရာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ အိန္ဒိယ–မြန်မာ နှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင်နေသည့် ကုလားတန်စီမံကိန်းတွင်လည်း အိန္ဒိယဘက်မှ အေအေ တည်ရှိမှုကို အသိအမှတ် မပြုဘဲ လုပ်ဆောင်နေသည်များ ရှိသည်ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ပြောသည်။

ကုလားတန်စီမံကိန်းကို ကြိုဆိုပါကြောင်းနှင့် ပူးပေါင်းလုပ်ဆောင်ရန်၊ စီမံကိန်းဧရိယာတွင် အေအေ တပ်ဖွဲ့ဝင်များ ရှိသဖြင့် ဝင်ထွက်သွားလာပါက သတင်းပို့ရန် ပြောသော်လည်း လိုက်နာခြင်း မရှိဘဲ ရေတပ်သင်္ဘောကြီးများဖြင့် ဝင်ထွက် သွားလာနေခြင်းကြောင့် လက်နက်ကြီးများဖြင့် ပစ်ခတ် ရခြင်း ဖြစ်သည်ဟု ပြောသည်။ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ဒါက အိန္ဒိယမို့လို့ ဘယ်နိုင်ငံဖြစ်လို့ ဆန့်ကျင်တာ မဟုတ်ဘူး။ အခု ၂၀၂၀ အစောပိုင်းကို ရောက်တော့မယ်။ ကျနော်တို့ အိန္ဒိယသံရုံးကိုရော သူနဲ့ အလုပ်လုပ် နေတဲ့ ကုမ္ဗဏီတွေကိုရော အခုစာပို့ဖို့ လုပ်နေတယ်။ ခင်ဗျားတို့ အလုပ်ကို ခင်ဗျားတို့ လုပ်လို့ ရတယ်။ ဘာလုပ်လဲ ဆိုတာကိုတော့ ကျနော်တို့ကို အသိပေးရမယ်” ဟု ပြောသည်။

ကုလားတန်စီမံကိန်းအောက်တွင် သွားလာလုပ်ကိုင်ကြသူများမှာ စစ်ဆင်ရေးပုံစံဖြင့် သွားလာခြင်း မပြုလုပ်ရဘဲ အေအေ နှင့် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပြီး အေအေ က သတ်မှတ်မည့် အခွန်ဟူသည့် ခေါင်းစဉ်အောက်တွင် ငွေကြေး ပေးဆောင်ရမည်ဟု ဆိုသည်။ဆက်လက်၍ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “ကျနော်တို့ ULA ကို အခွန်ဆောင်ရမယ်။ မဆောင်လို့ မရဘူး။ မဆောင်ရင် ပေးလုပ်မှာ မဟုတ်ဘူး။ ဒါ အရှင်းဆုံးပြောတာ။ ကျနော်တို့ Arakan Government ကိုတော့ မထူထောင်သေးဘူး။ ဒါပေမယ့် ရက္ခိုင်ပြည်သူ့အာဏာပိုင် အဖွဲ့ကိုတော့ ကျနော်တို့ ထူထောင်တော့မယ်” ဟု ပြောသည်။

အေအေ မှ ၎င်းတို့လှုပ်ရှားရာ နယ်မြေဒေသအတွင်း လုပ်ငန်းနှင့် စီမံကိန်းများ လုပ်ဆောင်သည့် မည့်သည့် အဖွဲ့အစည်း၊ မည်သည့် နိုင်ငံမဆို ပူးပေါင်းလာပါက အကူအညီပေးမည်ဟုလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ထပ်မံပြောသည်။ရခိုင်ပြည်နယ်တွင် တရုတ်နိုင်ငံ၏ စီမံကိန်းကြီးတခုဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် နှင့် ထပ်မံ လုပ်ဆောင်မည့် ပိုးလမ်းမစီမံကိန်း အစိတ်အပိုင်းများ ရှိသော်လည်း တရုတ်နိုင်ငံက စီမံကိန်းတဝိုက် ပဋိပက္ခများ မဖြစ်ရန် ပြောဆိုကာ အေအေ တည်ရှိမှုကိုလည်း အသိအမှတ်ပြုထားသည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

မတ် ၁၆ ရက်တွင် ကုလားတန်စီမံကိန်းအတွက် သံပေါင်များ သယ်ဆောင်လာသည့် ရတနာဝင်း ရေယာဉ်ကို ပလက်ဝမြို့နယ်အတွင်း အေအေ က ပစ်ခတ်ခဲ့သဖြင့် မီးလောင်ကာ ငွေကျပ် ၁ ဒဿမ ၀၇၂ ဘီလီယံဖိုး ပျက်စီးခဲ့သည်။အေအေ ဘက်မှ ၎င်းတို့ တပ်ဖွဲ့ဝင်များ ရှိရာ နယ်မြေသို့ ဖြတ်သန်းသွားလာပါက လူဦးရေစာရင်းနှင့် သွားလာသည့် အကြောင်း အရာများကို သတင်းပေးပို့ ရမည် ဖြစ်ပြီး မပို့ပါက လုံခြုံရေး အာမ မခံကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဧပြီ ၂၉ ရက်တွင် ကုလားတန် မြစ်ကူးတံတားအတွက် သံပေါင်များ ထပ်မံ ပို့ဆောင်ရာတွင် ရေယာဉ်ပေါ် ပါဝင်သည့် ပစ္စည်းများ နှင့် တန်ဖိုးငွေကျပ်များ၊ ရန်ကုန်ဆိပ်ကမ်းမှ ထွက်ရှိလာသည့် နေ့ရက်၊ စစ်တွေဆိပ်ကမ်း သို့ ဆိုက်ကပ်သည့် အချိန်၊ ပလက်ဝမြို့နယ်အတွင်း ရောက်ရှိမည့် နေ့ရက်များ အပြင် ရေယာဉ်ပေါ် ပါဝင် လာသည့် ဝန်ထမ်းများ၏ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာများပါ ထုတ်ပြန်ခဲ့သည်။

မတ် ၃၀ ရက်တွင်လည်း ကုလားတန်စီမံကိန်း၏ အစိတ်အပိုင်းတခုဖြစ်သည့် မြန်မာ–အိန္ဒိယ လမ်းပိုင်း၊ ပလက်ဝ –မီဇိုရမ် လမ်းပိုင်းကို ဆောင်ရွက်နေသည့် ဆုထူးစံကုမ္ပဏီမှ လုပ်သား ၈ ဦး ဖမ်းဆီးခံရဖူးသည်။၎င်းတို့ ၈ ဦးမှာ အရပ်သားများ မဟုတ်ဘဲ စစ်ထောက်လှမ်းရေးဟောင်းများ ပါဝင်နေသည့်အပြင် ဆုထူးစံ ကုမ္ပဏီကလည်း စစ်ထောက်လှမ်းရေးဟောင်း အဖွဲ့ဝင်ပိုင် ကုမ္ဗဏီ ဖြစ်သဖြင့် စစ်ဆင်ရေးနယ်မြေ အတွင်း ရှိနေသည်ကို မလိုလားခြင်းကြောင့် ဖမ်းဆီးခြင်း ဖြစ်သည်ဟု အေအေ ဘက်မှ ပြောဆိုခဲ့သည်။

ဆုထူးစံကုမ္ပဏီဝန်ထမ်းများကို ပြန်လွှတ်ပေးခဲ့သော်လည်း ကုလားတန် စီမံကိန်း ပြုလုပ်ရာ တဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားပြီး နိုဝင်ဘာ ၃ ရက်တွင် ကုလားတန်မြစ်အတွင်း သွားနေသည့် Speed Boat နှစ်စီးကို အေအေ က ထပ်မံ ဖမ်းဆီးခဲ့သည်။Speed Boat တွင်း ပါလာသူ ၁၀ ဦးမှာ ပလက်ဝမြို့နယ်၊ အမျိုးသားလွှတ်တော် အမတ် ဦးဝှေ့တင်း၊ ကုလားတန် စီမံကိန်းတွင် အလုပ်လုပ်နေသည့် အိန္ဒိယ နိုင်ငံသား ၅ ဦး အပါအဝင် ဘာသာပြန်နှင့် စက်လှေမောင်းသမားများ ဖြစ်သည်။ဖမ်းဆီးခံရပြီးနောက် အိန္ဒိယနိုင်ငံသား Mr.Vinoo Gopal သေဆုံးသွားခဲ့ပြီး နိုဝင်ဘာ ၄ ရက်တွင် ဦးဝှေ့တင်းမှ လွဲ၍ ကျန်ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးခဲ့သည်။

Source-ဧရာဝတီ

Facebook Comments

Burmese News