ကျည်ထိမှန် သေဆုံးသွားတဲ့ အသက် (၉)လအရွယ် သားဖြစ်သူအတွက် တရားစွဲရင် ဘယ်သူက လက်ခံမှာလဲ

လက်နက်ထိမှန်ပြီး သေဆုံးသွားတဲ့သားဖြစ်သူအတွက် တရားစွဲရင် ဘယ်သူကလက်ခံမှာလဲလို့ ဖခင် ဖြစ်သူက မေးခွန်းထုတ်လိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကံရွာက အသက်(၉)လအရွယ် ကိုဖြိုးဝင်းဟာ ဇန်နဝါရီလ(၁၁)ရက်က လက်နက်ထိမှန်သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး ဖခင်ဖြစ်သူက မေးခွန်းထုတ်လိုက်တာဖြစ်ပါတယ်။

“ကျွန်တော်က ဘယ်သူကိုတိုင်ရမှာလဲ။ ကျွန်တော်တရားစွဲတာကို ဘယ်သူကလက်ခံမှာလဲ။ အဲဒီလိုတိုင်လို့ ရရင် ကျွန်တော်တိုင်ချင်တယ်။” လို့ ဖခင်ဖြစ်သူက O Media ကိုပြောပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ညောင်ကံရွာက ဒေသခံတွေက သေဆုံးသူရဲ့မိသားစုဝင်တွေကို ထောက် ပံ့ကြေးပေး ထားပြီး အဲဒီထောက်ပံ့ကြေးတွေကို သားဖြစ်သူအတွက် အလှူပြုမယ်လို့လည်း ဖခင်ဖြစ်သူက ဆိုပါတယ်။

ဒါအပြင် လက်နက်ကိုင်တွေအနေနဲ့ စိတ်မှာထင်တိုင်း၊ မျက်လုံးမှာမြင်တိုင်း လိုက်ပစ်နေမယ်ဆိုရင် ရခိုင် ပြည်သူလူထုတွေ ဘယ်လိုလုပ်ကိုင်စားသောက်ကြမလဲလို့ မေးခွန်းထုတ်လိုက်သလို နိုင်ငံတော်ရဲ့အတိုင် ပင်ခံအနေနဲ့လည်း အဲဒီလိုကိစ္စတွေကို သိသလားလို့မေးခွန်းထုတ်လိုက်ပါသေးတယ်။

“အလုပ်လုပ်ချင်လဲလုပ်လို့မရတဲ့ တောသူတောင်သားတွေကို ဘယ်လိုလုပ်ပေးကြမလဲ။ ကျွန်တော်တို့ ဆင်း ရဲသူ၊ ဆင်းရဲသား ရခိုင်သူ၊ ရခိုင်သားတွေကို ဒီထက်မက ဖိနှိပ်မက၊ ဖိနေတာလား။ ကျွန်တော်တို့ပြည်သူလူ ထုမှာတော့ ဘာမှမတတ်နိုင်ဘူးလေ။” လို့ ဖခင်ဖြစ်သူက ဆက်ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ညောင်ကန်ရွာကနေ လွန်ခဲ့တဲ့နှစ်လလောက်က စစ်ဘေးရှောင်နေတဲ့ ဒီမိသားစု(၃) ယောက်ဟာ သူတို့ရွာမှာ နယ်မြေတည်ငြိမ်နေပြီဆိုပြီး စက်လှေနဲ့ရွာကိုပြန်လာရာချိန် ရာမောင်တံတားကို ဖြတ်သွားတဲ့ တပ်မ(၅၅)က ပစ်လိုက်တာလို့ ဒေသခံတွေနဲ့ မိသားစုဝင်တွေကပြောဆိုကြပါတယ်။

ဒါအပြင် အဲဒီကလေးသေဆုံးသွားတဲ့ နေရာနားမှာပဲ ဇန်နဝါရီလ(၁၁)ရက်က ကျွဲဂျိုကျေးရွာနဲ့ တန်းနီကျေး ရွာက ဒေသခံ(၂)ယောက်ဟာလည်း မင်းပြားဘက်ကနေ တန်းနီကျေးရွာကို ဆိုင်ကယ်နဲ့ထွက်သွားပြီးနာက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

အဲဒီကိစ္စတွေနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဖုန်းဆက် သွယ်ခဲ့ပေမယ့် အလုပ်များနေတာကြောင့် နောက်မှဖုန်းပြန်ဆက်ဖို့ O Media ကိုပြောပါတယ်။

O media

Facebook Comments

Burmese News