ဝူဟန်ဗိုင်းရပ်စ်နောက် နိုင်ဂျီးရီးယားမှာ အမည်မသိ ရောဂါတစ်ခုဖြစ်ပေါ် လူ (၁၅)ဦးသေဆုံး

Last modified date

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်အတွက် တစ်ကမ္ဘာလုံး အာရုံနောက်နေချိန်မှာ နိုက်ဂျီးရီးယားနိုင်ငံမှာ ရောဂါတစ်မျိုးဖြစ်ပေါ်နေကြောင်း သိရပါတယ်။

နိုင်ဂျီးရီးယားရောဂါထိန်းချုပ်ရေးဌာန (NCDC) က Benue ပြည်နယ်မှာ အမည်မသိတဲ့ ရောဂါဖြစ်ပွားမှုကိုစုံစမ်းစစ်ဆေးနေတယ်လို့ တရားဝင် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အဆိုပါ ထူးဆန်းတဲ့ ဝမ်းလျှောအဖျားရောဂါကြောင့် အခုဆိုရင် သေဆုံးသူ (၁၅)ဦးအထိ ရှိသွားခဲ့ပြီလို့ သိရပါတယ်။ လူ(၁၀၀)ကျော် ကူးစက်ခံထားရပြီး၊ ဘာရောဂါလည်း အတည်မပြုနိုင်သေးပါဘူး။

ဒီရောဂါအကြောင်းကို နိုင်ငံခြားသတင်းဌာနတွေမှာ ဖော်ပြထားပြီး Benue ပြည်နယ်ကနေ စတင်ပျံ့နှံ့ခဲ့တာလို့ သိရပါတယ်။ နိုင်ဂျီးရီးယားရောဂါထိန်းချုပ်ရေးဌာန NCDC ၏ ညွှန်ကြားရေးမှူးချုပ် Chikwe Ihekweazu က လူ (၁၅)ဦးသေဆုံးခဲ့ရတဲ့ အဆိုပါရောဂါကို ထိရောက်စွာကိုင်တွယ်ရန် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါရောဂါဖြစ်ပွားရာ ဒေသက သောက်သုံးရေ နမူနာများကို ထပ်မံလေ့လာဆန်းစစ်ရန်အတွက် ရေအရင်းအမြစ်ဆိုင်ရာ ဝန်ကြီးဌာနကို ပေးပို့ထားတယ်လို့ပြောပါတယ်။

သံသယလူနာ (၁၁၅)ဦးမှာ (၁၅)ဦးအထိ သေဆုံးထားပြီဖြစ်လို့ ပျမ်းမျှအားဖြင့် ဝူဟန်ဗိုင်းရပ်စ်ထက်တောင် ကြောက်ဖို့ကောင်းနေတယ်လို့ ယူဆရမှာပါ။ ယခုရောဂါဟာ ဘယ်လောက်အထိ ကြောက်စရာကောင်းသလဲဆို ကူးစက်ခံရသူကို (၄၈) နာရီအတွင်းပင် သေစေနိုင်ပါတယ်တဲ့။ ရောဂါလက္ခဏာတွေကတော့ အော့အန်ခြင်း၊ အဆစ်အမြစ်များ ရောင်ရမ်းခြင်းနဲ့ အပြင်းအထန် ဝမ်းလျှောခြင်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

နိုက်ဂျီးရီးယားကျန်းမာရေးဝန်ကြီး Osagie Ehanire ကတော့ အခု ပြင်းထန်အဖျားရောဂါဟာ အီဘိုလာ၊ လက်ဆာအဖျားရောဂါတွေနဲ့ တူညီမှုမရှိကြောင်း အတည်ပြုခဲ့ပြီး၊ ရောဂါလက္ခဏာတွေကလည်း ဝူဟန်ဗိုင်းရပ်စ်နဲ့ ကွာခြားမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ လက်ရှိစစ်ဆေးချက်များအရ ရောဂါအတိအကျကို မတွေ့ရသေးကြောင်း၊ သို့သော်ထိခိုက်နစ်နာသည့် ရပ်ရွာများအတွင်းရှိ ငါးဖမ်းရာတွင် အသုံးပြုသော ဓာတုပစ္စည်းများသည်ကြောင့်လဲ ဖြစ်နိုင်သည့် လက္ခဏာများရှိသည် ဟုပြောကြားခဲ့သည်။

#Blacker

Facebook Comments

Burmese Online News